ဇန်နဝါရီ ၂၀ ၂၀၁၃
လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ်
ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ အမည် ဖြင့် အစ္စလာမ် ဆန့်ကျင်ရေး
လုပ်ဆောင်နေသူများ
ဘားအံမြို့ သရက်တောကျောင်းတိုက်မှ
သင်္ဃန်းဝတ် ၇ဦးနှင့် အ၀ါရောင်ဝတ် လူငယ်အမျိုးသား အမျိုးသမီး ၂၀ ဦးပါဝင်သော
အဖွဲ့သည် ဘားအံမြို့ မြို့မ ဈေးအပြင်ဘက် ပျံကျ ဈေးတန်း အတွင်းသို့ ၀င်ရောက်ကာ
ပြည်သူများ၏ အေးချမ်း လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားမှုကို
ဝင်ရောက်နှောက်ယှက်ခဲ့သည်။
ဇန်န၀ါရီ ၂၀ ရက်နေ့ နံနက်ပိုင်း အချိန်တွင်
ဘာသာခြား ဆိုင်များတွင် ဈေးဝယ် ခြင်းမပြုရန် ဈေးအတွင်း ၀င်ရောက် လှုံ့ဆော်
ခဲ့ပြီး ဈေးဝယ်နေသူ ကရင် လူမျိုးများအား အတင်းအဓမ္မ ပိတ်ပင် ဟန့်တားခဲ့ကြောင်း
ဘားအံမြို့ခံ တစ်ဦးက ပြောပါသည်။
မြို့မဈေး အပြင်ဘက်တန်းရှိ
ဆိုင်များမှ ၄င်းတို့လိုအပ်သော ပစ္စည်းများဝယ်ခြမ်းခဲ့သည့် ကရင်လူမျိုး အချို့အား
ဝယ်ယူပြီးသော ပစ္စည်းများကို ဆိုင်ရှင်ထံ ပြန်ပေးအပ်ရန် ဘုန်းကြီး ၇ ဦးနှင့်
အဖွဲ့က အတင်းအဓမ္မ စေခိုင်း ခဲ့ကြသဖြင့် ဈေးဝယ်လာပြည်သူများ စိတ်အနှောက်အယှက်
ဖြစ်ခဲ့ကြောင်း ၄င်းမြို့ခံ က ပြောပါသည်။
အဆိုပါ မြို့မဈေးအပြင်ဘက်တန်းအနီးတွင်
ရဲတပ်ဖွဲ့ စခန်းရှိသော်လည်း ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မည်သို့မျှ
တားမြစ်ဟန့်တားပေးခြင်းမရှိဟု ၄င်းမြို့ခံက ပြောပါသည်။
အာဏာပိုင် အဖွဲ့အစည်းများကဲ့သို့
သင်္ဃန်းဝတ် ထားသူတစ်စုမှ ကရင်ပြည်သူများ လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားခွင့်
မရှိအောင် ပိတ်ပင်ဟန့်တား၊ နှောက်ယှက်နေခြင်း များကြောင့် ကရင်ပြည်သူများ
နိုင်ငံသား အခွင့်အရေး ချိုးဖောက်ခံ နေရသော်လည်း ယနေ့အချိန်အထိ ကရင်ပြည်နယ်
အစိုးရမှ သော်လည်း ကောင်း၊ ရဲတပ်ဖွဲ့ ကသော်လည်းကောင်း၊ ဥပဒေနှင့်အညီ
ဝင်ရောက်တားဆီး ပိတ်ပင် ပေးခြင်းမရှိခဲ့ချေ။
နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့်
ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) အပိုဒ် ၃၄၉ အပိုဒ်ခွဲ (ဂ)နှင့် (ဃ)
တို့တွင် ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု ၊ စီးပွားရေး လုပ်ကိုင်မှု များနှင့်
ပတ်သက်၍ ဘာသာ၊ လူမျိုးမခွဲခြားပဲ နိုင်ငံသားတိုင်း တူညီသော အခွင့်အရေး ရရှိစေရမည်
ဟု တွင် ပြဌာန်းထားသော်လည်း သင်္ဃန်းဝတ် သူတစ်စုမှ ကရင်လူမျိုး ဗုဒ္ဓ ဘာသာဝင်
များ၏ နိုင်ငံသားအခွင့်အရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက် လျက်ရှိသည်။
ပြည်နယ်အစိုးရနှင့် ရဲတပ်ဖွဲ့တို့သည်
၎င်းတို့၏ လုပ်ရပ်များကို တားဆီးပိတ်ပင်ပေးခြင်းမရှိ ဆက်လက် မျက်ကွယ်ပြုနေပါက
ကရင်ပြည်သူများ၏ နိုင်ငံသား အခွင့်အရေး ချိုးဖောက်မှု တွင် ပါဝင်ပတ်သက်သည်ဟု
ယူဆရဖွယ် ရှိကြောင်း ဘားအံ ဒေသခံများက ပြောဆိုကြသည်။

No comments:
Post a Comment