“ဒါကာ” နှင့် “ဓားကာ”
စာမျက်နှာ (၅၃)
မှာရေးထားတာကတော့မဂိုဘုရင်ဩရန်ဇစ်မင်းကရခိုင်ဘုရင်တွေပိုင်တဲ့ ဒါကာ
မြို့ကို မကြာခဏဝင်ရောက် ကျူးကျော်လေ့ရှိပြီး ရခိုင်တွေက
ဓားကိုင်ကာကွယ်ခဲ့တဲ့ အတွက်အဲဒီမြို့ ကို ဓားကာ လို့ခေါ်တွင်ခဲ့ရပါတယ်တဲ့။
အလွဲကြီး မှားနေပြန်ပါတယ်။
ပထမ အလွဲအမှားကြီးကတော့- ဩရန်ဇစ်မင်းဟာ
ဒါကာမြို့ကို ဘယ်တုန်းကမှ မကျူးကျော်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင်
ဩရန်ဇစ်မင်း မတိုင်ခင်ကတည်းကိုက ဒါကာ ဟာ မဂိုမင်းလက် အောက်မှာ
ရှိခဲ့လို့ပါဘဲ။ ဒါကာ ဒေသဟာ ရခိုင်ဘုရင်တွေ လက်ထဲရှိခဲ့တာက ဟိုးပဝေသဏီကပါ။
ရခိုင်ဘုရင်တွေလက်ထဲကနေ အေဒီ ၉ ရာစုမှာ ဟိန္ဒူသေနမင်းတွေ လက်ထဲရောက်၊
သေနမင်း တွေ လက်ထဲကနေ ဘင်္ဂလားဘုရင်တွေ (Delhi Sultanate) လက်ထဲရောက်၊အဲဒီကမှ
တစ်ခါ အေဒီ ၁၆၀၈ မှာ မဂိုဘုရင်တွေ လက်ထဲရောက်ခဲ့ တာပါ။ မဂိုဘုရင်တွေက
ရခိုင်တွေဆီကနေ တိုက်ရိုက် သိမ်းပိုက်ခဲ့တာလည်းမဟုတ် ပါဘူး။ (ကိုးကား- South
Asia: Eastern Himalayan Culture, Ecology and People, Hasna Jasimuddin
Moudud. Encyclopaedia of Bangladesh, Nagendra K. Singh. Encyclopaedia of
the Muslim World, Taru Bahl & M.H. Syed.)
အဲဒီ အချိန်က မဂိုမင်းလက်အောက်မှာရှိတဲ့
ဘင်္ဂလားနယ်တွေကို ရခိုင် ဘုရင်တွေက သာလျှင် မကြာခဏ ကျူးကျော်
သိမ်းပိုက်လေ့ရှိပါတယ်။ မြောက်ဦး ဘုရင် မင်းခမောင်းဟာ ပေါ်တူဂီတွေနဲ့
ပေါင်းပြီး မဂိုမင်းပိုင် ဘင်္ဂလားနယ်တွေကို ကျူးကျော်တိုက်ခိုက်၊တွေ့သမျှ
လူတွေကို ဖမ်းဆီးပြီး ဒတ်ခ်ျတွေထံကျွန်အဖြစ်ရောင်းစားခဲ့တာဖြစ်ပါတယ်။
အဲဒီလို ကျူးကျော်ရင်း မင်းခမောင်းဟာ အဲဒီ အချိန်ကမဂိုမင်းတွေပိုင်တဲ့ ဒါကာ
မြို့ကို တောင် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းတွေ ဟာ Ohio
University မဟာ ကျောင်းသား Michael W. Charney ကသူ့ရဲ့ မဟာ ဝိဇ္ဇာဘွဲ့ အတွက်
၁၉၉၃ မှာ ပြုစုခဲ့တဲ့ Arakan, Min Yazagyi, and the Portuguese:
The Relationship Between the Growth of Arakanese Imperial Power and
Portuguese Mercenaries on the Fringe of Mainland Southeast Asia
1517-1617 မှာအကျယ်တဝင့်ပါရှိပါတယ်။
ရခိုင်ဘုရင်တွေ ကျူးကျော်သိမ်းပိုက်ထား
တဲ့ မဂိုပိုင် “ဒါကာ” မြို့ကိုဩရန်ဇစ်မင်းက ပြန်လည် တိုက်ခိုက်
သိမ်းယူခြင်းသာဖြစ်ပါလိမ့်မယ်။ ဒါကာ ရဲ့ ရာဇဝင် သမိုင်းကြောင်း သိချင်ရင်၊ မ
“အ” ချင်ရင် B.C Allen ရဲ့ Eastern Bengal District Gazetteers: Dacca
(၁၉၁၂) ကိုဖတ်ကြည့်ပါလို့ အကြံပေးလိုပါတယ်ခင်ဗျား။
ဒုတိယ အလွဲအမှားကြီးကတော့- ရခိုင်တွေက
ဓားကိုင်ကာကွယ်ခဲ့လို့ ဓားကာ လို့ခေါ်ရင်း ဒါကာ ဖြစ်လာတယ်ဆိုတဲ့ အချက်ပါ။
အဲဒီအဆိုဟာ ပါးစပ် ရာဇဝင်သာဖြစ်ပါ လိမ့်မယ်။ ဘာကြောင့် လဲဆိုရင်”ဒါကာ”
ဆိုတဲ့ အမည်ဟာ ဟိန္ဒူနတ်ဘုရားဒေဝီ Dhakeshwari ကို အစွဲပြုဆင်း
သက်လာတယ်လို့အချို့ပညာရှင်တွေက ယူဆသလို၊ “ဒါကာ” ဆိုတာ
အဲဒီဒေသမှာအမြောက်အများ ရှိတဲ့ “ဒဟ်က်” လို့ ခေါ်တဲ့ အပင် (သိပ္ပံအမည်-Butea
Frandosa) ကို အစွဲပြု ဆင်းသက်တာလို့ အချို့ ပညာရှင်တွေက ဆိုကြပါတယ်။
အချို့ ပညာရှင်တွေကတော့ “ဒဟ်က်”ဆိုတာ ဘင်ဂါလီဘာသာ စကားနဲ့ “ဗုံကြီး”
ကိုခေါ်တာဖြစ်ပြီး၊ အေဒီ ၁၆၀၈ မှာ မဂိုမင်းရဲ့ ဘုရင်ခံ Shaikh Alauddin
Islam Khan က အဲဒီမြို့ကို မဂိုအင်ပါယာရဲ့မြို့တော်အဖြစ်ကြေညာပြီး
နယ်နိမိတ်ကိုဗုံကြီးတွေတီးသတ်မှတ် ရာကနေ “ဒါကာ” မြို့လို့
ခေါ်တွင်ခဲ့တာဖြစ်ကြောင်းဆိုကြပါတယ်။ ဘယ်လိုဘဲ ဆိုကြပါစေ၊ သေချာတာကတော့
“ဒါကာ” ဆိုတာ”ဓားကာ” ကနေဆင်းသက်တာမဟုတ်ပါဘူး။ ရှေးခေတ်က မြို့တွေရွာတွေကို
ခုခံ ကာကွယ်ရင် ဓား၊ လှံတို့ကို အသုံးပြုရတာပါ။ အဲဒီလို အသုံးပြုရတိုင်းသာ
မြို့တွေ ရွာတွေကို အမည် ပေးရရင်ဖြင့်
မြန်မာပြည်ကမြို့တိုင်းရွာတိုင်းနီးနီးရဲ့ အမည်ဟာ “ဓားကာ”၊”လှံကာ”
တွေဖြစ်ကုန်မှာ ပေါ့။ သမိုင်းကို သမိုင်းလို ရေးရပါတယ်၊ မှတ်တမ်းတင်ရပါတယ်။
ပါးစပ်ရာဇဝင်တွေ၊ လျှာပေါ်လာ တောင်စဉ်ရေ မရတွေလျှောက်ရေးရင်
သမိုင်းတွေပျက်ကုန်မှာပါ။ (ကိုးကား-Dacca- a record of Its Changing Fortunes, Dr Ahmed Hasan Dani)
လူတို့သဘာဝ
ရခိုင်ပြည်နယ်မောင်းတော ၊
ဘူးသီးတောင်မြို့တွေမှာ ဒေသခံတိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တွေရှိသလို
ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေလည်းရှိနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ခိုးဝင်ပြီး
အခြေချနေထိုင်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေလည်း အများကြီးရှိပါတယ်။
တစ်ဖက်နဲ့တစ်ဖက်ခိုးဝင်တယ် ဆိုတာက နယ်စပ်ချင်း ထိစပ်နေတဲ့နေရာတွေရဲ့
သဘာဝပါဘဲ။မြန်မာနိုင်ငံနဲ့နယ်စပ်ခြင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံဖက်ကို
ခိုးဝင်ပြီး
အခြေချနေထိုင်နေတဲ့မြန်မာတွေရှိသလို၊မြန်မာနိုင်ငံနဲ့နယ်စပ်ခြင်း
ထိစပ်နေတဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံဖက်ကို ခိုးဝင်ပြီး
ရေကြည်ရာမြက်နုရာ အခြေချနေတဲ့ မြန်မာတွေလည်း ဒုနဲ့ဒေးပါ။
မြန်မာနိုင်ငံနဲ့နယ်ချင်း မထိတဲ့ မလေးရှားတို့ စင်ကာပူတို့ အထိတောင်
ရောက်အောင်ခိုးဝင်ပြီး အလုပ်လုပ်ကိုင်နေထိုင်သူမြန်မာ လူမျိုးတွေ
တစ်ပုံတစ်ပင်ပါ။ ဒါတွေဟာ သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်တွေက
မိမိတို့ရဲ့နယ်စပ်တွေနဲ့ပတ်သက်ပြီး ကိုင်တွယ်ပုံနဲ့ဘဲဆိုင်ပါတယ်။
လူတွေရဲ့သဘာဝကိုက ရေကြည်ရာအရပ်ကို ရှာဖွေနေထိုင် တတ်တာပါ။ မြန်မာစကားမှာ
စကားပုံတောင်ရှိပါတယ်၊ “တစ်ရွာမပြောင်းသူကောင်းမဖြစ်” ဆိုပြီး။
ဒေသတစ်ခုမှာ ဗုဒ္ဓဘာသာများလာရင်စေတီပုထိုး
ဘုန်းကြီးကျောင်းဆောက်လာကြမှာပါ။ဒေသ တစ်ခုမှာ ခရစ်ယျာန် ဘာသာဝင်များလာရင်
ခရစ်ယျာန်ဘုရား ရှိခိုးကျောင်းတွေဆောက်လာမှာပါ။ ဒေသတစ်ခုမှာ
မွတ်စ်လင်မ်များလာလို့ ဗလီဝတ်ကျောင်းတွေဆောက်ချင်တာ၊ဆောက်ခဲ့တာဟာ
သမိုင်းစာအုပ်လို့အမည်ခံထားတဲ့ စာအုပ်မျိုးမှာ အထူးတလည်ရေးပြနေစရာ
မလိုဘူးလို့မြင်ပါတယ်။မြန်မာနိုင်ငံ အနှံ့အပြားမှာ
ခရစ်ယျာန်ဘုရားကျောင်းတွေလည်းအများကြီးပါ။ ဟိန္ဒူဘုရားကျောင်း တွေလည်း
အများကြီးပါ။ ဗလီကြီးတွေ ဟီးနေအောင်ဆောက်တယ်ဆိုတာက ဘာသာတရားအပေါ်
ထားတဲ့စေတနာပေါ့ခင်ဗျာ။ အဲလို ဟီးနေအောင်ဆောက်တော့လည်း မနာလိုစိတ်ရှိသူ
လူဆိုးတွေက ဖျက်လိုဖျက်စီးလုပ်ကြပါရော။
ဆက်ရန်- သမိုင်းဟူသည်ဤသို့တည် [မွတ်စ်လင်မ်ဆိုတာလူမျိုးလား-မြန်မာနိုင်ငံ နှင့် မွတ်စ်လင်မ်

No comments:
Post a Comment